PC တစ်လုံးတပ်ဆင်ခြင်း (၂)
စက်ဆင်တဲ့ဘက်ဆီကို
ပြန်ဆက်ကြဦးစို့။ Mother-board ပေါ်မှာ သိထားဖို့လိုတဲ့ အပိုင်းတွေကို
လိုအပ် သလောက် ပြောပြခဲ့ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ တပ်ဆင်တဲ့ အပိုင်းဆီကို
ဆက်သွားပါမယ်။ ပထမဆုံး CPU ကို motherboard မှာ တပ်လိုက်ပါမယ်။ မတပ်ခင်မှာ
thermal compound သုတ်လေ့ ရှိကြပါတယ်။ (thermal com-pound ကို cpu ကော်လို့
အလွယ်ခေါ်ကြတယ်)။ ပိုကောင်း တာတော့ တပ်ပြီးမှသုတ်လိုက်ပါ။ လူတိုင်းလိုလိုက
လက်နဲ့ ပဲ သုတ်လေ့ရှိကြတယ်။ အဲဒီလက်ကို စင်အောင်မသုတ်ပဲ cpu ကို socket
ပေါ်တင်တဲ့အခါမှာ cpu ရဲ့ အောက်ဘက် ကို ကော်တွေ ပေသွားတတ်တယ်။
အဲဒါဆိုရင်တော့ ဘာမှ ပေါ်လာမှာ မဟုတ်တော့ဘူး။ ချွေးပြန်ဖို့သာ ပြင်ပေတော့။
ပြီးတော့ ကော်တွေသုတ်ပြီးသားဖြစ်နေတဲ့ cpu ကို ကိုင်ရ တာလည်း
လွတ်လွတ်လပ်လပ် မရှိတဲ့အတွက် အောက်ခံ pin တွေ ထိခိုက်နိုင်ပါတယ်။
အလေ့အကျင့် မရှိသူများ တပ်ပြီးမှ ကော်သုတ်ဖို့ အကြံပေးပါရစေ။ 

ပုံမှာ ပြထားတဲ့အတိုင်း socket ဘေးက မောင်းတံ ကို တွေ့ပါလိမ့်မယ်။ သူ့ကိုချိတ်ထားတဲ့ ငုတ်ကိုလွတ် အောင် အောက်ဘက်ဖိပြီး မတင်လိုက်ပါ။ မောင်းတံလှန် လိုက်တာနဲ့
ဝိုင်းပြထားတဲ့နေရာက သံပြားချိတ်လွတ်သွား ပါပြီ။ အဲဒါကို မပြီး
လှန်လိုက်ပါ။ (အသစ်ဆိုရင်တော့ ဒီ socket တွေပေါ်မှာ ကော်ပြားလေး အုပ်ထားမှာ
ဖြစ်ပါ တယ်။ အပေါ်က socket အကြောင်းပြောရင်း ပြခဲ့တဲ့ ပုံလို ပေါ့။
အဲဒီကော်ပြားကို ဖယ်လိုက်ပါ)။

မြင်သာအောင်ဆိုပြီး
ပုံနဲ့ရော စာနဲ့ရော ရေးပြထား ပါတယ်။ cpu ရဲ့ ထောင့်စွန်းလေးခုထဲက တစ်ခုမှာ
ရွှေတြိဂံ ပုံလေး လုပ်ပေးထားပါတယ်။ အဲဒီ အမှတ်အသားက သူ့ အောက်က ထောင့်မှာ
pin တစ်ချောင်း လွတ်ထားတယ် ဆိုတာကို ပြတာပါ။ အဲဒီအတွက် motherboard socket
ရဲ့ Pin တစ်ချောင်း မပါတဲ့ ထောင့်နဲ့ ကွက်တိကျအောင်
တပ်ပေးရမှာ ဖြစ်ပါတယ်။ နောက်ထပ်ပြီး ကြည့်တတ်ရင် တွေ့မှာပါ။ cpu ရဲ့
ဘေးပတ်လည် ကော်ပြားမှာ ဘယ်ညာ အ၀ိုက်လေးနှစ်ဝိုက် လုပ်ပေးထားပါတယ်။ Board
ရဲ့ အောက်ခံ socket မှာလည်း အဲဒီနေရာအတွက် ကော်ဖု လေး နှစ်ခု အထဲဘက်ကို
ဝင်နေတာတွေ့ပါလိမ့်မယ်။ သတိ ထားပြီး သေချာကြည့်ပါ။ အဲဒီထောင့်အတိုင်း cpu
ကို socket မှာ အသာလေး တင်လိုက်ပါ။ အောက်ခံပင်တွေက ကောက်တတ်ပါတယ်။ အောက်မှာ
နေရာတကျ တပ်ထား တဲ့ ပုံလေးကို ကြည့်လိုက်ပါဦး။

CPU
နေရာတကျ ဖြစ်သွားပြီဆိုရင် သူ့အပေါ်က သံပြားအဖုံးကို ပိတ်ပြီး မောင်းတံနဲ့
ပြန်ဖိလိုက်ပါ။ မောင်းတံ ကို ချိတ်မှာ ပြန်ချိတ်ပါ။
ဖွင့်ခဲ့တုန်းကအတိုင်းပေါ့။ ပြီးရင် စဉ်းစားရမှာက cooler လို့ ခေါ်တဲ့ heat
sink ဖြစ်ပါတယ်။ နှစ်မျိုးခွဲလို့ ရပါတယ်။ တချို့က ကလစ်နဲ့၊ တချို့က board
ကို အပေါ်အောက်ညှပ်ပြီး ၀က်အူစုတ်လိုက်တာ ဖြစ်ပါ တယ်။ ကလစ်နဲ့က board ကို
ပုံးမှာ တပ်ပြီးချိန်မှာလည်း တပ်လို့ရပေမယ့်၊ ညှပ်ရတဲ့ clooer ကျတော့ board
ကို ပုံးမှာ မတပ်ခင်ထဲက ဆင်ရမှာဖြစ်ပါတယ်။ အဲဒါကို အရင်တပ်ပြ ပါ့မယ်။ CPU
မှာရော၊ သူ့မျက်နှာပြင်နဲ့ ထိမယ့် cooler မျက်နှာပြင်မှာရော thermal
compound ပါးပါးနဲ့ ညီညီ သုတ်ပေးပါ။ ကော်အရမ်းထူရင်လည်း cpu heat တက်လာ
တတ်ပါတယ်။

Heat sink ကို
board မှာ တပ်ဖို့ ပြင်ဆင်ရတာခြင်း တစ်ခုနဲ့တစ်ခု မတူပါဘူး။ အခုပြထားတဲ့
heat sink ဆိုရင် ခြေထောက်လေးချောင်းကို ၀က်အူတစ်ခုခြင်း စီနဲ့ တပ်ဆင်
ထားတာပါ။ သူ့ ပါကင်ထဲမှာ တစ်စစီ ဖြုတ်ပေးထားပါ တယ်။ ကိုယ့်ဘာသာ ဆင်ယူရတာ
ဖြစ်ပါတယ်။ အဲဒီ အတွက် heat sink ဘယ်လို တပ်ရမယ်ဆိုတာကို သူနဲ့အတူ ပါလာတဲ့
user guide စာရွက်မှာ ကြည့်လိုက်ပါ။ ပုံတွေနဲ့ ပြထားမှာ ဖြစ်ပါတယ်။
အဲဒီအတိုင်း လိုက်ဆင်ဖို့ လိုပါ တယ်။ အခု heat sink ကတော့
ခြေထောက်လေးချောင်း မှာ ၀က်အူခံ အပေါက်တွေနဲ့ ဖြစ်ပါတယ်။ Board ရဲ့
အပေါက်လေးပေါက်ပေါ် တည့်အောင် တင်ပြီး အောက် ကနေ ၀က်အူနဲ့
ပြန်ကျပ်ပေးရပါတယ်။ လေးဘက်လုံး နေရာကျအောင် ၀က်အူကို လက်နဲ့
အရင်လိုက်တပ်ပြီးမှ ၀က်အူလှည့်နဲ့ ကြပ်ပေးလိုက်ပါ။

Heat sink တပ်ဆင်ပြီးသွားကို motherboard ကို ပုံးပေါ်မှာ နေရာချပါတယ်။ ကလပ်တွေ စိုက်ပြီး ဖြစ်သလို၊ အထွက် port
တွေအတွက် သံပြားလည်း တပ်ဆင်ပြီးဖြစ်ပါ တယ်။ အဲဒီ သံပြားမှာပါတဲ့
အပေါက်တွေနဲ့ motherboard က ports တွေ ကွက်တိဖြစ်အောင် ထိုးထည့်လိုက်ပါ။
ပုံမှာ ၀ိုင်းပြထားတဲ့အတိုင်း port ကွက်တိကျသလို၊ ကလပ် အပေါက်နဲ့
motherboard အပေါက် ကွက်တိ ဖြစ်အောင် ချိန်ပါ။

Board
က scerw အပေါက်နဲ့ အောက်ခံကလပ် ကွက်တိကျတဲ့နေရာတွေကို ၀က်အူလိုက်တပ်ပေးပါ။
ဝါလျှာကို သုံးပေးပါ။ Screw မှာ ၀ါလျှာခံပြီး Board ပေါ်မှာ တပ်မှသာ board
မနာမှာဖြစ်ပါတယ်။ ၀က်အူရစ်ဖို့ တမင် လုပ်ပေးထားတဲ့ နေရာဖြစ်လို့
ဝါရှာမပါခဲ့ရင်လည်း ရှော့ခ် မဖြစ်ပါဘူး။ ပထမဆုံး သတိပေးချက်မှာထဲက
ပြောခဲ့တဲ့ အတိုင်း ၀က်အူကို ရွေးပါ။ သာမာန် ၀က်အူလှည့်နဲ့ပဲ ရစ်မှာ
ဖြစ်လို့ ဘေးချော်မထွက်ရအောင် ၀က်အူလှည့်ရဲ့အဖျားကို လက်နဲ့
အသာထိန်းထားပေးပါ။ ရစ်တဲ့အခါမှာလည်း တစ်ပတ်ချင်းကို သတိထားပြီး
ဖြည်းဖြည်းလှည့်ပါ။ တင်းသွားရုံဆို ရပါပြီ။ အရမ်းမလှည့်ပါနဲ့။ အလွှာ ခြောက်
လွှာရှိတဲ့ motherboard က အတွင်း အားပါသွားရင်တော့ အက်သွားနိုင်ပါတယ်။

အကယ်၊
ကလစ်နဲ့ ဆင်ရတဲ့ heat sink ဖြစ်ခဲ့မယ် ဆိုရင် သတိမထားမိမှာစိုးလို့
ထပ်ရေးပေးပါ့မယ်။ သူ့ကို တပ်ဆင်ရတာ အရမ်းလွယ်ပါတယ်။ (ဒါပေမယ့် ဘယ်လို
အထာရှိတယ်ဆို လုံးဝ မသိသေးဘူးဆိုရင်တော့ တော် တော် ဒုက၊ပေးတဲ့ heat sink
ဖြစ်သွားပါတယ်)။ ကလစ်ရဲ့ အပေါ်မှာ မျှားကောက်လေး ပြထားလိမ့်မယ်။ တပ်ဆင်ပြီး
သားကို ဖြုတ်ချင်တာဆိုရင်တော့ အဲဒီမျှားခေါင်းလေး သွားတဲ့ ဘက်ကို
လှည့်ပေးလိုက်ပါ။ လေးဘက်လုံးကို လှည့်လိုက်တာနဲ့ ညှပ်ထားတဲ့
ကလစ်လွတ်သွားပါပြီ။

အပေါ်ကို
မတင်ပြီး ဖြုတ်လိုက်ရ.ုံပါပဲ။ တပ်ဖို့အတွက်တော့ မျှားခေါင်းရဲ့ ဖင်ဘက်ကို
အဆုံးထိလှည့်ပါ။ လှည့်ပြီးရင် board ပေါ်တင်ပြီး လေးဘက်လုံးနေရာကျအောင်
ချပါ။ ပြီးရင် ကလစ်အပေါ်ကနေ ဖိချပေးလိုက်ရုံပဲ ဖြစ်ပါတယ်။ ဖိချတဲ့အခါမှာ
ထောင့်ဖြတ်နှစ်ဘက်စီကို တစ်ပြိုင်တည်း ဖိပေးပါ။ ပုံမှာ ပြထားပါတယ်။ A
နှစ်ခုကို တစ်ပြိုင် တည်း ဖိပြီး၊ B နှစ်ခုကိုလည်း တစ်ပြိုင်တည်း ဖိပေးပါ။ တစ်ခုမှတ် ထားလိုက်ရင် ရပါတယ်။ မျှားပြထားတဲ့ဘက်က ဖြုတ်ဖို့ လှည့်ရမှာဖြစ်ပြီး၊ တပ်ချင်ရင် မျှား ပြောင်းပြန် လှည့်ပြီးမှ ဖိချပါ။
(အချို့က တပ်ပြီးမှကို မျှားပြထားတာ လှည့်ရမယ်ထင်ပြီး ပြန်ပြန်လှည့်ပေးတတ်
ကြပါတယ်။ အဲဒီတော့ ပြန်ပြုတ်သွားပါတယ်။ အတင်းဖိချ တဲ့အခါမှာ
ကလစ်ခြေထောက်တွေ ကြိုးပါတယ်။ အဲဒါ ကြောင့် အထာမသိပဲ တတ်ရင် ခြေထောက်တွေ
ကြိုးသွား တတ်ပါတယ်။ ကျွန်တော်ရှင်းပြတာကိုလည်း နားလည် မယ်လို့ ထင်ပါတယ်။
ပုံးဆင်တာကို
ပြန်ဆက်ရအောင်။ motherboard ကို ပုံးပေါ်မှာ ငြိမ်တောင် screw တွေ
လိုက်ရစ်လိုက်ပါပြီ။ Board က ပုံးပေါ်မှာ ငြိမ်သွားပြီဆိုရင် RAM
စိုက်ပါမယ်။ သတိပေးချက်မှာ ပြောခဲ့တဲ့အတိုင်း board ရဲ့ ထူးခြား
ညွှန်ကြားချက် ရှိမရှိကြည့်ပါ။ ပုံမှန်အတိုင်းဆိုရင်တော့ DIMM ရဲ့ သဘောအရ
parallel channel အလိုက်စိုက်ပါ တယ်။ ယခုဆင်ပြမယ့် board မှာ နှစ်ခုတွဲ slot
လေးခု ပါပါ တယ်။ အပြာနှစ်ခုနဲ့ အနက်နှစ်ခုဖြစ်ပါတယ်။ အပြာတစ်ခု နဲ့
အနက်တစ်ခုစီကို တွဲထားပါတယ်။ cpu နဲ့ အနီးဆုံးနေရာ က နှစ်ခုတွဲက channel 1
ဖြစ်ပါတယ်။ နောက်တစ်တွဲက channel 2 ပေါ့။ channel 1 မှာရော 2 မှာရော a
နဲ့ b ထပ်ခွဲပါတယ်။ parallel စိုက်မယ်ဆိုရင် channel 1 a နဲ့ channel 2 a
ကို တွဲစိုက်ရမှာဖြစ်ပါတယ်။ b မှာ စိုက်မယ်ဆို လည်း ဟိုဘက်မှာလည်း b ပဲ
ဖြစ်ရမှာပေါ့။ အဲဒါတွေကို မြင်သာအောင် Motherboard က အရောင်နဲ့ ခွဲခြားပေး
ထားတာပါ။ တစ်ချောင်းထဲဆိုရင်တော့ cpu နဲ့ အနီးဆုံး ဖြစ်တဲ့ အနက် (channel 1
a) မှာပဲ သုံးရပါမယ်။ (board မှာ သီးခြား ညွှန်ကြားချက်မရှိရင်ပေါ့)။
နှစ်ချောင်းသုံးမယ် ဆိုရင်တော့ နောက်တစ်ခုကို သူနဲ့ ကပ်ရက် အပြာမှာ မသုံးပဲ
နောက် channel တစ်ခုက အနက် (channel 2 a) မှာပဲ တပ်ရမှာ ဖြစ်ပါတယ်။
(အလွယ်မှတ်ချင်ရင် motherboard က အနီးဆုံး slot နဲ့ အရောင်တူရာ နှစ်ခုကို
သုံးပါ)။ အဲဒါကို parallel စိုက်တယ်လို့ ခေါ်ပါတယ်။ အကယ်၊ပေါ့ အခြေ အနေအရ
သုံးချောင်း သုံးရမယ်။ နှစ်ခုက memory တူပြီး၊ တစ်ခုက မတူပါဘူး။ 512MB
နှစ်ချောင်းနဲ့ 1GB တစ်ချောင်း ဆိုပါစို့။ 1GB ကို CPU နဲ့ အနီးဆုံးနေရာက
အနက်မှာ စိုက်ပြီး 512 နှစ်ချောင်းကို အပြာမှာ စိုက်ပါမယ်။ (လက်ရှိ
ပြထားတဲ့ပုံအရ ပြောချင်းဖြစ်ပါတယ်။ board ပေါ်မူတည် ပြီး
အရောင် ပြောင်းလဲပါတယ်။ အဲဒါကြောင့် အရောင်ကို မမှတ်ပါနဲ့ နေရာအလိုက်
channel ခေါ်ပုံကို မှတ်ထားဖို့ လိုပါတယ်။ Motherboard user guide မှာလည်း
ပုံနဲ့တကွ ပြထားမှာပါ)။

ဒါဆိုရင်တော့ စိုက်ရမယ့် နေရာကို သိပြီဖြစ်ပါ တယ်။ စိုက်ရမယ့်ပုံစံကို ပြောပြပါ့မယ်။
၁။ Slot ရဲ့ ဘေးနှစ်ဘက်က ကော်မောင်းတံလေး တွေကို ဖိပြီး slot ကို ဟလိုက်ပါ။
၂။ Slot ရဲ့ အလယ်မှာ ငုတ်လေး ကန့်လန့်ခံထား တာကို တွေ့ပါလိမ့်မယ်။ အဲဒီလိုပဲ RAM ချောင်းမှာလည်း
အပေါက်လေး လုပ်ထားပါတယ်။ အဲဒီနေရာနှစ်ခု ကွက်တိကျအောင် တပ်ပေးရပါမယ်။
၃။ ဘေးက မောင်းတံလေးနှစ်ခုက RAM ရဲ့ ဘေးနှစ် ဘက် ချိုင့်တွေထဲဝင်ပြီး ထိန်းပေးထားရပါမယ်။
ပိုပြီးသေချာအောင် ပုံနဲ့ တစ်ဆင့်ချင်း ပြထားတာပါ ဖြစ်ပါတယ်။ ဒီလောက်ဆို နားလည်မှာပါ။
RAM
ပြီးရင် VGA card တပ်ပါမယ်။ အခုနောက်ပိုင်း အများစုကတော့ PCI express x 16
slot တွေပဲ အသုံးများ ကြပါတယ်။ အဲဒီ slot နေရာမှာ ကဒ်ကို တင်ကြည့်ပါ။ port
တွေနဲ့ တည့်တည့်က ပိတ်ထားတဲ့ သံပြားကို ချိုးလိုက်ပါ။ ချိုးဖို့အတွက်
အရာပေးထားပြီးဖြစ်လို့ လွယ်ပါတယ်။ ပြီးရင် port တွေကို ဖောက်လိုက်တဲ့
အပေါက်ကနေ အပြင်ကို ထုတ်ပြီး၊ အောက်က slot ကိုလည်း နေရာကျအောင် ဖိတပ်
ပါတယ်။ RAM တပ်တုန်းကလိုပဲ slot မှာ ငုတ်နဲ့ အပေါက်နဲ့ ကွက်တိကျရမှာ
ဖြစ်ပါတယ်။ VGA မှာကျတော့ port တစ်ဖက် အပြင်ထုတ်ရတာဖြစ်လို့ ဘက်မှားတာ
မရှိပါဘူး။ တပ်ဖို့အတွက်တော့ အသာလေးဖိလိုက်၊ုံပါပဲ။ ပြန်ဖြုတ် ရင်တော့ slot
ရဲ့ အောက်ခြေမှာ ကဒ်ကို ထိန်းပေးဖို့အတွက် မောင်းတံ အပျော့လေးတွေကို
လုပ်ထားတတ်ပါတယ်။ အဲဒါလေးကို ဆွဲထားပြီး ကဒ်ကို မဖြုတ်ပါ။

ပြီးရင်
Optical drive ကို တပ်ကြတာပေါ့။ ရှေ့အဖုံး ကို အစထဲက ဖြုတ်ထားပြီးဖြစ်လို့
အလွယ်တကူ ရှေ့ထိုး ထည့်လိုက်ရုံပါပဲ။ (ရှေ့ဖုံးမဖြုတ်ချင်ရင် ကာဘာတစ်ခု
တည်းကိုပဲ ဖြုတ်ပြီး တပ်နိုင်တဲ့ပုံစံကို ပြောပြီးဖြစ်ပါတယ်)
ပုံမှာပြထားသလိုပဲ
လမ်းကြောင်းလေးအတိုင်း မျောထည့်ပေးလိုက်ပါ။ ရှေ့အဖုံးတပ်ပြီး
နေရာချိန်ရဦးမှာ ဖြစ်လို့ ၀က်အူ မရစ်ပါနဲ့ဦး။ ရှေ့အဖုံးကို တပ်ပါမယ်။
ဖြုတ်ခဲ့တုန်းကအတိုင်းပဲပေါ့။

အဖုံးတပ်ပြီးရင် drive ကို နေရာကျအောင် ချိန်ပါ။ drive eject အတွက် အဖုံးမှာ ခလုပ်လုပ်ပေးထားပါတယ်။ အဲဒီခလုပ်လည်း
နှိပ်နိုင်အောင် ၀ိုင်းပြထားတဲ့ အတိုင်း ၀က်အူရစ်ဖို့ အပေါက်တွေလည်း ကွက်
တိဖြစ်အောင် ချိန်ပါ။ (ခလုပ်နှိပ်ဖို့ အဆင်ပြေ အောင် ချိန်ရပါမယ်။ ခလုပ်
မပါတဲ့နေရာတွေမှာ ထပ်တပ်ချင်ရင်တော့ အဲဒီနေရာက ကော်ပြားကို ဖယ်ပြီး drive
မျက်နှာပြင်နဲ့ ကွက်ကိကျအောင် ချိန် ပေးပါ)။ ပြီးရင် ၀က်အူနှစ်ဘက်လုံး
ရစ်ပါတယ်။
နောက်တစ်ခု
အနေနဲ့ HDD drive ကို တပ်ပါမယ်။ HDD တွေအတွက် optical drive တွေ
တပ်တဲ့အောက်မှာ နေရာတွေ ပေးထားပါတယ်။ ပုံးနဲ့အဆင်ပြေဆုံး တစ်နေရာ မှာ
တပ်ပါ။ (အရင်ကတော့ CD D rive နဲ့ HDD ကို IDE တစ်ချောင်းထဲ
သုံးပြီးတပ်တဲ့အတွက် အနီးဆုံးကို ကပ်ပြီး တပ်ပါတယ်။ အချို့စက်တွေကျတော့ VGA
ကဒ်က အရမ်း ရှည်လို့ သူနဲ့ လွတ်တဲ့နေရာ ရှောင်ပြီး တပ်ရပါတယ်)။
ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေတဲ့ လိုင်းတစ်ခုကို ထိုးသွင်းပြီး
ဝက်အူရစ်လိုက်ပါ။


Devices
အားလုံး တပ်ပြီးသွားပါပြီ။ ကြိုးတွေ လိုက် တပ်ပေးဖို့ပဲ လိုပါတော့တယ်။
အလွယ်မှတ်ထားလိုက်ပါ။ motherboard ပေါ် တပ်ထားတာတွေက လွဲရင် ကျန် drive
တွေအတွက် ကြိုးနှစ်ချောင်း လိုပါတယ်။ တစ်ချောင်းက power supply ဆီက လာတဲ့
မီးကြိုးနဲ့၊ Motherboard ကို ဆက်သွယ်မယ့် data ကြိုးဖြစ်ပါတယ်။
အခုဆင်လိုက်တဲ့ ပုံးမှာတော့ dvd drive တစ်ခုနဲ့ HDD တစ်ခုပဲ ပါပါတယ်။
ပြီးတော့ VGA card တွေက DDR III နောက်ပိုင်းထုတ်တွေ က VGA အတွက်
မီးအားသက်သက် ထပ်ပေးရပါတယ်။ အဲဒီတော့ မိမိ VGA card မှာ power
ကြိုးထပ်တပ်ပေးဖို့ လိုမလို အညွှန်းစာရွက်ကို သေချာကြည့်ပါ။ အခုဆင်ထား တဲ့
ကဒ်မှာကတော့ လိုပါတယ်။ ပြီးတော့ Motherboard မှာလည်း
ပါဝါကြိုးနှစ်ချောင်းလိုပါတယ်။ (24-pin နှင့် 4-pin နှစ်ချောင်း ကို
motherboard မှာတပ်ရကြောင်း ပြောပြီး ဖြစ်ပါတယ်)။ အဲဒါကြောင့် power supply
က စုစုပေါင်း ကြိုးငါးချောင်းကို သုံးရမှာ ဖြစ်ပါတယ်။
HDD
နဲ့ DVD ကတော့ sata power ကြိုးများဖြစ်လို့ sata ကြိုးတပ်တဲ့နည်းအတိုင်း
တပ်ရပါမယ်။ ကြိုးခေါင်းရဲ့ အစွန်းတစ်ဘက်မှာ ထောင့်ချိုးအပေါက်တစ်ခု လုပ်ထား
သလို၊ တပ်ရမယ့် အထိုင်မှာလည်း ထောင့်ချိုးအတန်းလေး လုပ်ထားပါတယ်။ အဲဒီ
နှစ်နေရာကို ကွက်တိတပ်ပေးပါ။ data sata နဲ့ power sata က အရွယ်မတူပေမယ့်
တပ်တဲ့ နည်း တူတူပါပဲ။

Motherboard ပေါ်
တပ်ရမယ့် power ကြိုးတွေမှာ တော့ ကြိုးမှာ ညှပ်ကလစ်တွေပါသလို
အထိုင်မှာလည်း ကလစ်ညှပ်ဖို့ အထစ်ပါပါတယ်။ အထစ်နဲ့ ကလစ်ပေါ့ …
သဘောပေါက်မှာပါ။
ပါဝါကြိုးတွေ
ထိုးပြီးရင် data ကြိုးတွေ ထိုးပေးပါ။ ထိုးရမယ့် HDD ရော၊ DVD ရော SATA
ပေါက်တွေပဲဖြစ်လို့ အပေါ်မှာပြောခဲ့တဲ့ နည်းအတိုင်းပဲ တပ်လိုက်ပါ။ DVD ကို
ထိုးမယ့် SATA ကြိုးက အဝေးမှာဖြစ်လို့ ကြိုးမအိုက်ပေမယ့်၊ HDD ကိုတပ်မယ့်
ကြိုးက နီးနေလို့ ကြိုးအိုက်နေပါလိမ့် မယ်။ အဲဒါကြောင့် တုတ်တံတစ်ခုမှာ
ကြိုးကိုပတ်ပြီး လိပ် ပေးလိုက်ရင် ပုံမှာပြထားသလို ဖုန်းကြိုးကဲ့သို့
ဖြစ်သွားပါ လိမ့်မယ်။ ကြိုးမအိုက် ကြိုးမ၊ှုပ်တော့ဘူးပေါ့။

အကယ်၊
IDE ကြိုးများ ပါခဲ့မယ်ဆိုရင် သူ့ကို တပ် ဆင်ရန် နည်းကလည်း အခြား
connector တွေလိုပါပဲ။ ထင်ရှားတဲ့ အမှတ်အသား တစ်ခုစီ လုပ်ထားပါတယ်။ IDE
ကြိုးခေါင်းရဲ့ တစ်ဖက်ရဲ့အလယ်မှာ ဒေါင်လိုက်အထစ် လေး လုပ်ထားသလို
အထိုင်မှာလည်း နေရာလွတ်လုပ်ပေး ထားတာပါ ပါတယ်။ အဲဒီဘက်အချင်းချင်း
တပ်ပေးရမှာ ဖြစ်ပါတယ်။ ဘက်မှားရင် ၀င်မှာ မဟုတ်ပါဘူး။ အဲဒါကို
အတင်းထိုးရင်တော့ ပင်တွေကောက်သွားမှာပါ။
ပြီးရင်
fan ကြိုးများကို တပ်ဆင်ပါမယ်။ CPU fan ကို (ရှေးဟောင်းများမှ လွဲ၊) 4-pin
အဖြစ်တွေ့ရမှာ ဖြစ်ပါ တယ်။ အခြား channel fan များကိုတော့ 3-pin သို့မဟုတ်
power supply ကြိုးခေါင်းနှင့် ချိတ်ပေးရပါတယ်။ mother-board
ပေါ်တပ်ပေးရမယ့် 3-pin နှင့် 4-pin တွေမှာတော့ connector ခေါင်းမှာ
လမ်းကြောင်းလေး လုပ်ပေးထား သလို board ရဲ့ အထိုင်မှာလည်း ကော်ပြားလေး ထောင်
ထားပါလိမ့်မယ်။ အဲဒီလိုင်းအတိုင်း တပ်ပေးရုံပါပဲ။ cpu fan နှင့် channel
fan နေရာ မှားမတပ်ပါနဲ့။ တိုင်ရဲ့ အောက် ခြေမှာ စာရေးပေးထားပါတယ်။

အခုဆိုရင်
Device တွေ အားလုံးကို ချိတ်ဆက်ပြီး ဖြစ်ပါတယ်။ ပုံးရဲ့ အရှေ့ပိုင်းမှာ
ပါတဲ့ connectors များ အတွက်ပဲ လိုပါတော့တယ်။ အခြို့ casing
တွေရဲ့ အရှေ့ မှာ digital meter တွေပါတာကို တွေ့ဘူးပါလိမ့်မယ်။
အဲလိုမျိုးပါခဲ့ရင် သူ့အတွက် power supply မှ ကြိုးတစ်ခုနဲ့
တပ်ဆင်ပေးရပါတယ်။ ပုံမှန်အတိုင်းကတော့ front panel audio, USB
နှင့် system panel connector တို့ကို mother board မှာ
တပ်ပေးရမှာဖြစ်ပါတယ်။ front panel audio ကတော့ ပုံးရဲ့ အရှေ့ မှာ audio
ပေါက်တွေ ပါမှသာ အသုံးဝင်ကြောင်း ပြောပြီးဖြစ်ပါတယ်။

ဒီ connector တွေ အတွက်
အခုနောက်ပိုင်းထုတ် ပုံးတွေမှာ အတွဲလိုက် အလွယ်တကူ တပ်ဆင်နိုင်အောင်
လုပ်ပေးထားပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း ခေါင်းမှာ တစ်ပေါက်ပိတ်ထားသလို
အထိုင်မှာလည်း တစ်ချောင်း လွတ်ထားပါတယ်။ အဲဒီ ထောင့်နှစ်ခုကို ဆိုင်ပြီး
တပ်ပေးရမှာဖြစ်ပါတယ်။ USB connector ရော audio connector ရော တူတူပဲ ဖြစ်ပါ
တယ်။ Connector တပ်ပေးရမယ့် နေရာကတော့ mother-board ငုတ်အောက်ခြေတွေမှာ
ရေးထားတဲ့ စာကို ကြည့်ပြီး သိနိုင်ပါတယ်။ board တစ်ခုနဲ့ တစ်ခု နေရာ
မတူကြပါဘူး။

တကယ်လို့
အခုလို ခေါင်းမျိုး မလုပ်ပေးထားပဲ ငုတ်တစ်ခုချင်းစီ ပေးထားမယ်ဆိုရင်တော့
motherboard စာအုပ်မှာပါတဲ့အတိုင်း တစ်ပင်ချင်းစီ ထိုးရပါမယ်။ တစ်ပင်
ချင်းစီရဲ့ခေါင်းမှာ နာမည်လေးတွေ ရေးပေးထားပါတယ်။ ဘယ်အပင်က ဘယ်နေရာမှာ
တပ်ရမယ်ဆိုတာကို Motherboard စာအုပ်မှာ ကြည့်ရှုပြီး သိနိုင်ပါတယ်။
System
panel connector တွေကိုတော့ တစ်ပင် ချင်းစီ တပ်ပေးရတာများပါတယ်။ ခုနက
ပြောခဲ့သလိုပါပဲ။ တစ်ပင်ချင်းစီရဲ့ ခေါင်းမှာ နာမည်ရေးထားသလို mother-board
ပင်တွေရဲ့ အောက်ခြေမှာလည်း နာမည်တွေ ရေး ထားပါတယ်။ သူပြောထားတဲ့အတိုင်း
လိုက်တပ်ပေးရုံပါပဲ။ တပ်ပေးရမှာတွေက PW LED (သို့) MG ဆိုတဲ့ power
မီးသီးကြိုး (သူ့မှာတော့ + နှင့် - ဆိုပြီး ရှိပါတယ်)၊ PW ဆိုတဲ့ Power SW
ခလုပ်အတွက်ကြိုး။ ဒီနှစ်ခုက တိုင်ရဲ့ တစ်ခြမ်း မှာ ရှိတတ်ပါတယ်။
တိုင်အောက်ခြေက
စာတွေကို ကြည့်ပြီးတပ်ပါ။ ပုံမှာ မျှားထိုးပြထားတာကို တွေ့မှာပါ။ PW LED
ရဲ့ အရှေ့က HDD မီးသီး အတွက် ဖြစ်ပြီး၊ Power SW ရဲ့ ရှေ့ မှာက RES ဆိုတဲ့
Restart SW ခလုပ်အတွက် ဖြစ်ပါတယ်။ ပြီးရင် သူတိုရဲ့ ဘေးမှာ Speaker လို့ ရေးထားပါတယ်။ Speaker ကိုပါ တစ်ခါတည်း ထိုးပေးပါ။
Front panel ကြိုးတွေ အကုန် တပ်ပြီးသွားပါပြီ။ ကြိုးတွေကို စုပြီး အလယ်ကနေ နိုင်လွန်ကြိုးတစ်ခုနဲ့ ချည် ထားပေးပါ။
အခြားကြိုးတွေ
အကုန်လုံးကိုလည်း ရသလောက် စုပြီး ချည်ထားလိုက်ပါ။ Fan တွေထဲ
ကြိုးဝင်သွားမှာ မပူရတော့သလို လေ၀င်လေထွက်လည်း ပိုကောင်းသွားပါ တယ်။
ကြိုးရှင်းနေတော့ ကြည့်ရှု ပြင်ဆင်ရတာလည်း ပိုအဆင်ပြေပါတယ်။

ဒါဆိုရင်တော့ ပုံးအတွင်းပိုင်း တပ်ဆင်မှု အားလုံး ပြီးပြီ ဖြစ်ပါတယ်။ ပုံးကိုထောင်ပြီး monitor နှင့် ပါဝါကြိုး များ တပ်၊ စက်ဖွင့် ကြည့်ပါ။
ပုံးရဲ့
နောက်ပိုင်းက တပ်ဆင်ရမယ့် port တွေကို တော့ သိပြီးသားဖြစ်မှာပါ။
သိသာထင်ရှားပါတယ်။ mouse နဲ့ ကီးဘုတ်အတွက်ဆိုရင်လည်း အရောင်နဲ့ခွဲပေး
ထားသလို အရင်းပိုင်းမှာလည်း ပုံလေးတွေ ပြထား ပါတယ်။
ပိုပြီး လွယ်ကူအောင် ကျနော် မျှားထိုးပြီး label တွေပါ တပ်ပေးထားပါတယ်။
ဒါဆိုရင်တော့
တပ်ဆင်မှုအပိုင်း ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ BIOS ကို ကိုင်တွယ်
ပြင်ဆင်ခြင်း အပိုင်းများ၊ ဘာမှ မရှိသေးသော HDD အလွတ်အား partitions များ
ပိုင်းခြင်းနှင့် windows intall လုပ်ခြင်း အပိုင်းများ၊ Windows installed
ပြီးနောက် လိုအပ်သော Drivers များကို ဖြေရှင်းသည့်အပိုင်းမျာကို
အခွင့်သင့်ရင်သင့်သလို ဆက်လက်ရေးသား သွားပါမယ်။
အခုပြောပြခဲ့တာတွေက
လက်ရှိခေတ်နဲ့ဆို Basic Level သာဖြစ်ပြီး၊ Child play တွေလို့တောင်
ပြောနေကြတဲ့ ပညာတွေပေါ့။ ဒါပေမယ့် မသိသေးတဲ့ သူတွေအတွက် တော့
အခက်အခဲရှိမှာပါ။ အဲဒါကြောင့်မို့ ဒီဆောင်းပါးမှာ လုံးဝ
နားမလည်သူများအတွက်ရော၊ အပေါ်ယံ သိထားတဲ့ သူတွေအတွက်ပါ အကျိုးရှိအောင်
ကြိုးစားရေးသားထား ပါတယ်။ ပုံများကိုလည်း အတတ်နိုင်ဆုံး မြင်သာအောင်
သဘောပေါက်အောင် ရှာဖွေ ရိုက်ကူး တင်ပြထားပါတယ်။ အဆင်ပြေကြမယ်လို့ ထင်ပါတယ်။
အခက်အခဲ အများ ကြီးနဲ့ ရေးသားခဲ့ရတာဖြစ်လို့ မပြည့်စုံခြင်းများ၊ နားမလည်
သည်များ ရှိခဲ့ရင် ခွင့်လွတ်ပေးကြပါလို့ မေတ၊ာရပ်ခံ ပါတယ်။
No comments:
Post a Comment